Tuesday, October 12, 2010



ကမ္ဘာကျော်၍
ဂုဏ်မော်လောက်သူ၊ တစ်ဆူအသျှင်
အသျှင်စန္ဒြမဏိ၊ ထွန်းပြောင်ထိလေ…….၊
အိန္ဒိယတ၀ှမ်း၊ အမှောင်လွမ်းချိန်
နီပေါလ်တ၀ှမ်း၊ အမှောင်လွှမ်းချိန်
ထွန်းပြောင်လမ်းပြ၊ အလင်းရစေ
အာဂမဟာ၊ ကျေးဇူးရှင်။

ဗုဒ္ဓဂယာ၊ မဟာဗောဓိ
ကုသိနာရုံ၊ မိဂဒါဝုန်
ကဆုန်သွန်းပွဲ၊ သျှင်ဆင်နွဲက၏
ဗုဒ္ဓအလင်းရောင်၊ ပြန်ထွန်းပြောင်းခဲ့။

အသျှင့်စကား၊ နားဝင်ခံယူ
လူခြောက်သိန်းကျော်၊ တွေးခေါ်ကူးမြောက်
ဒေါက်တာအမ်ဗေဒကာ၊ မဟာတပည့်
အလှည့်အပြောင်း၊ ပွဲကောင်းပွဲကြီး
အံ့ချီထူးကဲ၊ ကမ္ဘာ့ပွဲပင်။

နီပေါမှာလည်း
ထေရာဝါဒ၊ အမှောင်ကျချိန်
စန္ဒြအလင်း၊ ရောင်ခြည်ဝင်း၍
မင်းနှင့်ပြည်သူ၊ အလေးမှုလျှက်
တူရူအဟုန်၊ ကြိုးပမ်းပုံကြောင့်
လုမ္ဗိနီဝန်းကျင်၊ ပြန်သစ်လွင်ခဲ့။

စန္ဒြမဏိဘာဘာ၊ ကြည့်ညိုစွာဖြင့်
နာမည်ဘွဲ့လှ၊ ဂုဏ်တင်ကြလျှက်
ဘ၀ဂုဏ်ရောင်၊ ထွန်းလင်းပြောင်ခဲ့
အမှောင်ဖြိုခွင်း၊ ထိန်ထိန်ဝင်းသော
လမင်းစန္ဒာသို့နှယ်တကား။

မြတ်အသျှင်ကား၊ ရခိုင်သားတည့်
ဝင့်ကြွားဂုဏ်ယူ၊ ကျွန်တမှုလည်း
တစ်ဆူသျှင့်တွက်၊ မော်ကွန်းဆက်၏`
လက်ဆယ်ဖြာမိုး၊ ကျွန်ရှိခိုး၏
မျိုးကောင်းဖသား ပီပီတည်း။

အသျှင့်ဘ၀၊ ဖိုးတန်စွတည့်
ဗုဒ္ဓသားကောင်း ပီခဲ့သည်။

အသျှင့်ဘ၀၊ စွန့်ခဲ့ရလည်း
ဗုဒ္ဓဘာသ၊ သာသနာတွက်
ကြီးစွာ ကျေးဇူးရှိခဲ့သည်။

အသျှင့်ဘ၀၊ မြင့်မြတ်စွတည့်
အာဂသခင်၊ မြတ်အသျှင်ကို
ဦးတင် ကန်တော့လိုက်ပါသည်။

ထွန်းလင်းရောင်

မှတ်ချက်။ မဇ္ဈိမအလင်းရောင်မဂ္ဂဇင်းမှ ဖေါ်ပြလိုက်ပါသည်။

0 comments:

Post a Comment