Saturday, January 1, 2011

ခြေရာမထပ်တဲ့လမ်း

အ၀ိုင်းနှင့် လေးထောင့်ဆိုတာက
မွေးရာပါ ပကတိစရိုက်ချင်းကို တူကြတာမဟုတ်။
ဒါပေမဲ့
ကျောင်းစာထဲ မပါခဲ့တဲ့အရာတွေကိုချည်း ဖြတ်သန်းလို့
ကြီးပြင်းရင့်ကျက် လာတာနဲ့အမျှ
ပတ်ဝန်းကျင်မျိုးစုံမှာကျင်လည်၊
သံယောဇဉ်ဆိုတဲ့ ကြိုးတွေနှောင်ဖွဲ့၊
ငါဆိုတဲ့ ဇာတိ ပြခွင့်ကိုမရှိပဲ လူ့အဆင့်တန်းမီရေး
လူရာဝင် လူတွင်ကျယ်ဖြစ်ဖို့ တိုးရင်းဝှေ့ရင်းနဲ့
ပတ်ဝန်းကျင်ကဘဲပိုင်ဆိုင်တဲ့
ပီဘိ ရုပ်သေးရုပ်လေး ငါ ဖြစ်မှန်မသိ ဖြစ်ပါပေါ့လား။

ဒီလိုနဲ့ --
ရေပွက်တမျှ တဒင်္ဂ ဘ၀ဆိုတဲ့သက်တမ်းတိုထဲမှာ
သံယောဇဉ် အမြစ်အမွှားတွေက
ပုံစံမျိုးစုံနဲ့ ယှက်နွယ်ထားတဲ့ လူ့အသိုက်မြုံထဲ
ကိုယ့်လူရင်းတွေထဲကယောက်ကို
အောက်တန်းကျလုပ်ရပ်တစ်ခုခုနဲ့
လပ်ပူးလက်ကျပ်မိတဲ့အခါ မကျေနပ်တဲ့
ကရုဏာ ဒေါသသံယောဇဉ်ကြိုးက လှုပ်ခါသွား။
အလားတူပဲ…….
တခြားတယောက်ကတော့
လောကအတွက် ကိုယ်ကျိုးစွန့်သတဲ့
သင်းပြန့်တဲ့ သည်လိုရနံ့မျိုး ရှူရှိုက်ရခိုက်မှာတော့
ရင်ထဲမာ ၀မ်းသာချမ်းမြ အားကျအူးမြူး
မေတ္တာသံယောဇဉ်ကြိုးက ထူးလို့ခိုင်မာသွားပြန်ရော။
ဒီလိုနဲ့ပဲ --
လောကထဲက အပြတ်ချဲလို့
သံယောဇဉ် အမြစ်ဆွေးဖို့ လမ်းစကဖြင့် ခုထိမမြင်၊
မွေးသေစာရင်း ပယ်ဖျက်လို့
ဟိုး…မှန်းဆရခက်တဲ့ လောကမိုးကုတ်စက်ဝိုင်းအဆုံးထိတိုင်
မယိမ်းမယိုင် ခြေလှမ်းကျဲတွေနဲ့
လှမ်းထွက်ဖို့ အစပျိုးမှာပဲ
လမ်းပျောက်ချင်တဲ့ လူသားတစ်ဦးအဖို့တော့
ဗုဒ္ဓရဲ့ မဂ္ဂကျင့်စဉ် လမ်းတသွယ်သည်သာ
ပြေလွင် ချောမွတ် ခြေရာမထပ်တဲ့လမ်း
ခရီးက ဝေးလှမ်းသေးပေမဲ့လည်း
ကြားစခန်း ဒီခဏမှာကို
ဘ၀အနွမ်းတွေ ကွန်းရိပ်ခိုလို့
လွမ်းစိတ်တွေကို သိမ်းတတ်ခဲ့ပြီဆိုရမလားပဲလေ။ ။
စရိယ
မှတ်ချက်။ ။ ဆရာတော်ဦးအရိယာဝံသ တည်းဖြတ်ပြင်ဆင်ပေးသည်။

0 comments:

Post a Comment