Wednesday, February 23, 2011

အလင်းဖျော့ချိန်


ဝေဒနာ ရောဂါတွေ အထဲမှာ မှ

ငတ်မွတ်မှုနဲ့တောင့်တခြင်းက

ထင်ထင်ရှား အဆိုးဝါးဆုံး ထင်ပေါ်လွန်းလှတယ်။

အတူနေ အိမ်သူ လွန်ပဲ့ပြီးနောက်

တီတီတာတာတစ်ဦး တစ်ယောက်မှ

ကျုပ်အနားနား ရောက်မလာကြဘူး။

ကျုပ်သွေးနဲ့ ဆောက်တည်ခဲ့တဲ့ အာရုဏ်ဦး အလင်းတွေ

ကျုပ်ချွေးနဲ့ ပိုက်ထွေးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ

ပိုင်သူအစုနဲ့ ဖွဲ့သီ ဆိုင်သူကျုပ်ကျ

ငြီးငွေ့မှုနဲ့ မိုးချုပ်လို့။

ခရောင်းလမ်း လောကဓံတရားကို ကိုယ်စားပြု

ဝတ္တရားတစ်ခုအဖြစ် ဖြတ်သန်းလွန်မြောက်ပြီး

နွေဦးပေါက်ကာမှ ဒီသစ်ခြောက်တစ်ပင် အဖို့

ထင်းခြောက်အဖြစ် လောက်တောင်

ကောက်သိမ်း စောင့်ရှောက်မယ့်သူ မဲ့ရသလား။

ဒီနှစ်ပေါင်းတွေမှာ ထုပ်တန်းပေါ်က

စုတ်သပ်နေမြဲ အိမ်မြှောင်တစ်ကောင်ရဲ့ အသံလေးက

သူတို့ အသံ……..

မြေနီလမ်းက ဒုံးစိုင်းပြေးလာနေတဲ့

ဖုန်လုံးတွေက သူတို့တွေများလား၊

အမှတ်သညာမရှိ လက်ရှိကို အမှတ်မှားနေတုန်း။

နှစ်ပေါင်း၆၀ကျော် လည်ပတ်ခဲ့ပြီးတဲ့

တိုင်ကပ်နာရီတစ်လုံး အတွက်

နောက်တစ်ရက် နေ့စွဲ မလိုအပ်ဘူး။

မိုးချုပ်လုပြီး……

ကျုပ်အတွက် ရွှေမလိုဘူး၊ ငွေမလိုဘူး

အဝေးက ချည်ထည်ဆေးစုံ မုန့်ပုံးတွေထက်

အနားက ရေတစ်ခွက်ကို တရှိုက်မက်မက် တပ်မက်နေတယ်။

ကျုပ်က ညခရီးကို ဖြတ်သန်းနေတဲ့

ကန္တရ ခရီးသည် ။

0 comments:

Post a Comment